Saturday, March 26, 2016
Anonymous တို့၏ ထင်ရှားသော ဆိုက်ဘာ (Cyber) တိုက်ခိုက်မှူ့များ .
#anonymous #cyber #warefare #cyber_war #white_hat_hacker
#black_hat_hacker #grey_hat_hacker #script_kiddies #hacktivists
#cyber_terrorists #suicide_hacker #spyware #malware #attack #ကိုရီချင်
.
ဆိုက်ဘာစစ်ပွဲ (Cyber Warfare) ဟုခေါ်သော နည်းပညာစစ်ပွဲများသည် စစ်အေးကာလများတွင် အထူးထင်ရှားသော စစ်ပွဲများ ဖြစ်လာခဲ့ပါတယ်။ ဆိုက်ဘာစစ်ပွဲဆိုတာ ဘာကိုခေါ်တာပါလဲ? ကမ္ဘာပေါ်တွင် လူအချင်းချင်း လက်နက်ကိုင်တိုက်မှ တိုက်ပွဲဟု မခ်ါဆိုနိုင်ပေ။
ပုံစံမတူသည့် တိုက်ပွဲပေါင်းများစွာရှိပါသည်။ စီးပွားရေးစစ်ပွဲ လူ့အခွင့်အရေးစစ်ပွဲ ဘာသာရေးစစ်ပွဲ နည်းပညာစစ်ပွဲ စသည်ဖြင့် မျိုးကွဲပုံစံများဖြင့် စစ်ပွဲအသွင် ဖော်ဆောင်နေခြင်းများကိုလည်း နေရာအနှံ့ မြင်တွေ့ရမည်ဖြစ်သည်။ ယနေ့မြန်မာနိုင်ငံမှာတော့ ကျယ်ကျယ်လောင်လောင်ကြားရမည့် စစ်ပွဲအမည်မှာ လူ့အခွင့်အရေးခေါင်းစဉ် တပ်ထားသော စစ်ပွဲ ဖြစ်ပါသည်။
.
.
What is Cyber Warfare?
.
Cyber Warfare ဆိုတာကကတော့ နည်းပညာစစ်ပွဲဘဲဖြစ်ပါတယ်။ ဘာကိုနည်းပညာစစ်ပွဲလို ခေါ်ပါသလဲ? နည်းပညာစစ်ပွဲဆိုသည်မှာ တီထွင်ဖန်တီးမှူ့ အသစ်အသစ်များကို ဖန်တီးပြီး ထိုနည်းပညာအသစ်များဖြင့် ဖန်တီးထားသော ပစ္စည်းအသစ်များဖြင့် တနိုင်ငံ၏ လုံခြုံရေးကို တစ်နိုင်ငံမှ ခြိမ်းခြောက်ထားနိုင်ခြင်း ဖြစ်သည်။ ယနေ့တွင် စစ်ပွဲများမရှိသည့် စစ်အေးကာလများတွင် လက်နက်နည်းပညာ ဒုံးကျည်နည်းပညာ နှင့် နူကလီးယားနည်းပညာများ အပြိုင်အဆိုင် တီထွင်ဖန်တီးလျှက်ရှိပါသည်။ ထို့အတူ ကွန်ပြူတာ နည်းပညာလောကတွင်လည်း ဗိုင်းရပ်များ (Virus) ၊ နောက်ယောင်ခံလိုက်နိုင်သည့် ကွန်ပြူတာ ဆောဖ့်ဝဲများ (Spyware) ၊ Hacking Tools များကို သူ့ထက်ငါ ပိုသာအောင် တီထွင်ဖန်တီးလျှက်ရှိပြီး တနိုင်ငံနှင့် တနိုင်ငံ စောင့်ကြည့်နေလျှက်ရှိပါသည်။ ထင်ရှားသော ဥပမာ အနေဖြင့် လွန်ခဲ့သော နှစ်အနည်းငယ်က အမေရိကန်မှ ဂျာမနီနိုင်ငံ ၀န်ကြီးချူပ်၏ ကွန်ပြူတာအတွင်း Spyware တစ်ခုကို လှို့ဝှက်ထည်သွင်း ခဲ့ခြင်းဖြစ်သည်။ ထိုအချင်းအရာကို ကြည့်မည်ဆိုပါက တနိုင်ငံနှင့် တနိုင်ငံ မျက်ခြေမပြတ် စောင့်ကြည့်နေသည်ကို ထင်ရှားစွာ တွေ့နိုင်မည်ဖြစ်သည်။ ဒါသည်လည်း Cyber Warfare အမျိုးအစားတစ်ခုဖြစ်ပါသည်။ တရုတ်ဟက်ကာများ (Chinese Hackers) မှ အမေရိကန်စစ်အခြစိုက် ဌာနချူပ်ဖြစ်သော ပင်တဂွန်ကို ထိုးဖောက်ရန် ကြိုးပမ်းခဲ့သည့် ဖြစ်စဉ်များသည်လည်း နိုင်ငံအဆင့် Cyber Warfare တစ်ခုဖြစ်သည်။ အမေရိကန်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မိုဘိုင်းဖုန်း ကွန်ယက်များအတွင်း ထိုးဖောက်နိုင်ပြီး အချက်လက်များရယူနိုင်ခဲ့သော Skynet Algorithm သည်လည်း နိုင်ငံအဆင့် Cyber Warfare ဖြစ်သည်။ ကမ္ဘာအနှံ့ Cyber Warfare များသည် နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည်။ ကျွှန်တော်တို့ မြန်မာနိုင်ငံကိုကော အင်အားကြီးနိုင်ငံများက ဘယ်လိုတွေ ထိုးဖောက်နိုင်သလဲ? ယခုကော ထိုးဖောက်ပြီးပြီလား ? ထိုးဖောက်နေဆဲလား ? စသည့် လားပေါင်းများစွာသော မေးခွန်းများက ကျွှန်တော်တို့နိုင်ငံ၏ ကွန်ပြူတာနည်းပညာနယ်ပယ် Cyber Space လုံခြုံရေးကို ခြိမ်းခြောက် နေပြီ ဖြစ်သည်။
.
.
What is Anonymous?
.
Anonymous ဆိုတာကတော့ အမည်မသိလူသားပေါ့ တနည်းအားဖြင့် ကိုယ်ပျောက်လူသားဖြစ်ပါတယ်။ System Invisible Person ပေါ့။ Anonymous သို့မဟုတ် Hacker ဟုလည်းခေါ်ဆိုနိုင်ပါတယ်။ Hacker ၏ တစ်လုံးချင်းအဓိပ္ပါယ်ကတော့
.
H = Hide IP
A = Aim Victim
C = Crack Encrypt
K = Kill Firewall
E = Enter Database
R = Return Anonymous စသည်တို့ဘဲ ဖြစ်ပါတယ်။
.
နောက်များမှ Hacker တွေ IP ကို ဘယ်လို ဖုံးကွယ်ကြတယ် Victim သားကောင်းကို ဘယ်လိုရွေးချယ်ကြတယ် လျှို့ဝှက်ကုတ်တွေကို ဘယ်လိုဖြည်ကြတယ် Firewall ကို ဘယ်လိုကျော်ဖြတ်ကြတယ် Database ထဲကို ဘယ်လိုနည်းလမ်းတွေနဲ့ ၀င်ရောက်ကြတယ် Anonymous ကိုယ်ပျောက်လူသားအဖြစ် မည်ကဲ့သို့ ပြန်လည်ထွက်ခွာကြတယ် စသည့် အသေးစိတ်အချက်အလက်များကို ထပ်မံဖော်ပြပေးပါဦးမည်။ ယခုဆောင်းပါမှာတော့ ဆောင်းပါးအရမ်းရှည်ပြီး စာချစ်သူများလည်း ဖတ်ရတာ ငြီးငွေ့သွားမှာစိုးလို့ အကျဉ်းချူပ်လောက်နဲ့ဘဲ ကျေနပ်ကြပါခင်ဗျာ။ Anonymous တို့အကြောင်းဆက်ကြဦးစို့။
.
Anonymous တို့၏ အမှတ်အသားမှာ V မျက်နှာပုံသဏ္ဍန် လှောင်ပြုံး ထေ့ပြုံး ပြုံးနေသော လူတစ်ဦး၏ မျက်နှာဖုံးရုပ်ပုံဖြစ်သည်။ ထို မျက်နှာကို Guy Fawkes ဟု ခေါ်တွင်ပါတယ်။ ၁၉၈၂ ခုနှစ်မှာ ဒီဇိုင်းပညာရှင် David Lloyd မှ ဖန်တီးခဲ့ခြင်းဖြစ်သည်။ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာကတော့ ၂၀၀၆ ခုနှစ်မှ ဖြစ်ပါတယ်။ V မျက်နှာပုံသဏ္ဍန်၏ အဓိပ္ပါယ်မှာ Vendetta လက်စားချေခြင်း လက်တုန့်ပြန်ခြင်းဖြစ်ပြီး မျက်လုံးတွင် ပါဝင်သော မျက်လုံးဖုံးသည် လူသိမခံစေလိုသော လှို့ဝှက်တတ်သော စသည့် အဓိပ္ပါယ်ကို ဖော်ဆောင်ပါသည်။ လှောင်ပြုံး ထေ့ပြုံး၏ အဓိပ္ပါယ်ကတော့ တစ်လောကလုံးကို ထီမထင်တဲ့ ဘာမထီငါသည် ဆိုသည့် အဓိပ္ပါယ်ဖြစ်ပါတယ်။ ပါး၏တဖက် တချက်စီတွင်ပါဝင်သော ဆေးခြယ်မှူ့သည် မာယာများခြင်းကို ကိုယ်စားပြုပြီး နှုတ်ခမ်းမွှေးကတော့ လူကြီးလူကောင်း တစ်ယောက်ကဲ့သို့ ရင့်ကျက်ခြင်း အလုပ်တစ်ခုကို သေသပ်စွာ လုပ်ကိုင်တတ်ခြင်းကို ကိုယ်စားပြုပါတယ်။ မုတ်ဆိတ်မွှေးကတော့ အဘိုးအိုတစ်ဦးကဲ့သို့ တည်ငြိမ်ခြင်း အမြော်အမြင်ကြီးခြင်း စသည့် အဓိပ္ပါယ်ကို ဖော်ဆောင်ပါတယ်။
.
.
Why Anonymous Attack?
.
Anonymous တွေဘာကြောင့် တိုက်ခိုက်ကြသလဲ? တိုက်ခိုက်သည့် အကြောင်းပြချက်ကတော့ များစွာရှိပါတယ်။ အဖွဲ့အစည်တစ်ခုခုကို မကျေနပ်၍ တိုက်ခိုက်ခြင်း ၊ အကြမ်းဖက်လို၍ တိုက်ခိုက်ခြင်း ၊ အချက်အလက်များကို ခိုးယူလို၍ တိုက်ခိုက်ခြင်း ၊ ဘာသာရေးကြောင့် တိုက်ခိုက်ခြင်း စသည့် တိုက်ခိုက်ရသည့် ရည်ရွယ်ချက်ကွာခြားပါတယ်။ ယေဘုရအားဖြင့် Anonymous Hacker Type ကို Black, White and Grey ဟု သတ်မှတ်ထားသော်လည်း တိုက်ခိုက်သည့် ရည်ရွယ်ချက်အပေါ်မူတည်ပြီး အမျိုးအစား ထပ်မံခွဲခြားနိုင်ပါသည်။
.
.
Type of Anonymous Hackers
.
ကျွှန်တော့်တစ်ဦးတည်းအမြင်ပါ Hacking World က ဘာနှင့် အလားသဏ္ဍန်တူသလဲဆိုတော့ သိုင်းလောကနှင့် အလားသဏ္ဍန်တူပါတယ်။ စာချစ်သူ အတော်များများ တရုတ်သိုင်းကားတွေ ကြည့်ဖူးမယ်ထင်ပါတယ်။ သိုင်းလောကမှာ အဖြူရောင်သိုင်းလောကသား အနက်ရောင်သိုင်းလောကသား စသည်ဖြင့်ရှိပါတယ်။ အဖြူရောင်သိုင်းလောကထဲမှာလည်း ဂိုဏ်းပေါင်းများစွာ ရှိသလို အနက်ရောင် သိုင်းလောကထဲမှာလည်း ဂိုဏ်းပေါင်းများစွာရှိပါတယ်။ သူ့ထက်သူကတော့ လူစွမ်းကောင်းကြီးပါဘဲ။ အားပြိုင်မှူ့ဆိုတာကလည်း နေရာတိုင်းမှာ ဖြစ်ပေါ်နေမည် ဖြစ်သည်။
.
.
White Hat Hackers
.
White Hat Hackers များကတော့ အဖြူရောင်သမားတွေပါ။ သိုင်းလောက စကားတွေနဲ့ ပြောရမယ်ဆိုရင်တော့ အဖြူရောင် သိုင်းလောကသားတွေပါ။ White Hat Hackers တွေ ဘာတွေလုပ်သလဲဆိုတော့ နည်းပညာအသစ်တွေ ရှာဖွေကြတယ် စမ်းသပ်ကြတယ် အားနည်းချက်တွေကို ရှာဖွေတယ် ထိုးဖောက်ကြည့်တယ် သတိပေးတယ် ပြင်ဆင်ပေးကြတယ် စသည့် လုပ်ငန်းစဉ်များကို ပြုလုပ်ပေးသောသူများဖြစ်သည်။ ကျွှန်တော်လူအတော်များများကို လိုက်မေးကြည့်ဘူးတယ်။ White Hat Hacker နှင့် Black Hat Hacker ဘယ်သူက ပိုသာလဲလို့ Analysis ပုံစံမျိုး မေးကြည့်ဖူးပါတယ်။ မေးတာက လူငယ်ပိုင်းတွေကို မေးကြည့်တာပါ။ အများစုဖြေတာက Black Hat Hacker က ပိုသာတယ်လို့ ဖြေကြပါတယ်။ ဒါကဘာနဲ့ဆိုင်သလဲဆိုတော့ လက်ရှိ Cyber Space ကွန်ပြူတာနည်းပညာ လောကမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေနဲ့များစွာ သက်ဆိုင်ပါတယ်။ Black Hat Hackers များက Websites များကို Hack ပြုလုပ်ပြီး သူတို့၏ Social Media တွေမှာ Show Off ပြကြပါတယ်။ ဒါတွေကို လူငယ်တွေကမြင်ပြီး အားကျပြီး Black Hat Hacker တွေက ပိုသာတယ်လို့ ထင်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက စိတ်ပညာဗေဒအရ ကိုယ်တိုင် အနက်ရောင်စိတ်က လွှမ်းမိုးနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံမှာကို White Hat Hackers များထဲမှာ တကယ်တော်တဲ့ လူတော်တွေအများကြီးပါ ကျွှန်တော်လေးစားအားကျရတဲ့ ပုဂ္ဂိုလ်ကြီးတွေ တကယ်ကိုမှ အများကြီးပါ။ သူတို့တွေက ဘယ် Website မှ ခွင့်ပြုချက်မရဘဲ Hack ပြုလုပ်ခြင်းမရှိပါဘူး။ Hack ပြုလုပ်ထားသော Websites များလည်းမရှိတော့ Show Off လည်းပြစရာမရှိပါဘူး။ Show Off မပြထားတော့ ဘယ်သူမှလည်း မသိတော့ဘူး။ ခေတ်က Show Off ပြမှ အထင်ကြီးတဲ့ခေတ် ဖြစ်နေတာတော့ အတော်လေးကို ၀မ်းနည်းစရာကောင်းပါတယ်။ ဒါ့ကြောင့်လည်း White Hat Hacker များမှာ Black Hat Hacker များထက် ဂုဏ်သတင်း ကျော်ဇော်မှူ့နည်းပါးပြီး လူသိနည်းခြင်း ဖြစ်သည်။ White Hat Hackers များကို ကွန်ပြူတာနည်းပညာ နယ်ပယ်ကလူမဟုတ်ရင် သိနိုင်ဖို့ မလွယ်ကူပါဘူး။
.
.
Black Hat Hacker
.
Black Hat Hackers များကတော့ အနက်ရောင်သမားတွေပါ။ အနက်ရောင် သိုင်းလောကသားများပေါ့။ Black Hat Hackers တွေ ဘာတွေလုပ်ကြသလဲဆိုတော့ System တစ်ခုအတွင်းကို ခွင့်ပြုချက်မယူဘဲ ထိုးဖောက်ကြတယ် တိုက်ခိုက်ကြတယ် အချက်အလက်တွေကို ခိုးယူကြတယ် ဖွင့်ထုတ်ကြတယ် ရောင်းချကြတယ် စသည့် ဆိုက်ဘာ ရာဇ၀တ်မှူ့များကို ကျူးလွန်ကြသူများဖြစ်သည်။ ကမ္ဘာ့ကျော် Black Hat Hackers ကြီးများ အကြောင်းကို ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ Black Hat Hackers များသည် အမြဲတစေတော့ Black Hat Hacker ဖြစ်နေသည်တော့မဟုတ်ပေ အမြဲတမ်း Black Hat Hacker အဖြစ်နေထိုင်သူများလည်းရှိပါသည်။ အချိုဆိုလျှင် အဖမ်းခံရ ထောင်ကျပြီးမှ White Hat Hacker အဖြစ် ပြောင်းလဲသွားသော Black Hat Hackers ပေါင်း မြောက်များစွာ ရှိပါသည်။ မကောင်းသည့် ဆိုက်ဘာရာဇ၀တ်မှူ့များကို မပြုလုပ်တာ ပိုကောင်းပါတယ်လို့ အကြံပြုပါရစေခင်ဗျာ။
.
.
Grey Hat Hacker
.
Grey Hat Hacker များကတော့ အဖြူမကျ အနက်မကျ ကြားထဲက မီးခိုးရောင်သမားတွေပေါ့။ Grey Hat Hackers များကတော့ ဘာတွေလုပ်ကြသလဲဆိုတော့ သူတို့က အခြေအနေအပေါ်မူတည်ပြီး လှူပ်ရှားကြသူတွေပါ။ လစ်ရင်လုပ်တယ် မလစ်ရင်မလုပ်ဘူးဆိုတဲ့ လူတွေပါ။ အဖမ်းအဆီးများနေရင် လက်ရှောင်နေတယ် ချောင်ရင်တော့ ၀င်သုတ်တယ်။ အခြေအနေပေါ်မူတည်ပြီး ဖြူချင်ဖြူမည် မည်းချင်မည်းမည် စသည့် မူဝါဒနှစ်ခု လက်ကိုင်ထားသူများ ဖြစ်သည်။
.
.
Script Kiddies
.
Script Kiddies များကတော့ Hacking World စကားနဲ့ပြောရရင်တော့ Noob ချာတိတ်လေးတွေပါ။ တွေ့သမျှ Hacking Tools အကုန်သုံးတယ် Website တွေကို Hack ကြတယ်။ တိုက်ခိုက်ကြတယ်။ တိုက်ခိုက်လို့ရသွားရင် Deface Page လိုမျိုးတင်ကြပြီး မိမိမည်သူ မည်ဝါဖြစ်သည်ကို ကြွေးကျော်ကြတယ်။ ထိုမျှမက ဆိုင်ဘာရာဇ၀တ်မှူ့ ကိစ္စများကိုတောင် မကြောက်မရွံ့ Facebook လိုမျိုး Social Media Network အပေါ်မှာ ရဲရဲဝံ့ဝံ့တင်ရဲသော အာဂသတ္တိခဲလေးများ ဖြစ်သည်။ Networking မသိ Programming မသိ Server မသိ Linux မသိ စသည့် မသိခြင်းပေါင်းများစွာဖြင့် Hacker ဟု ကိုယ့်ကိုကိုယ် ကင်ပွန်းတပ် ကြုံးဝါနေသူများဖြစ်သည်။
.
.
Hacktivists
.
Hacktivists များသည် နိုင်ငံတစ်နိုင်ငံ သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏ လုပ်ထုံးလုပ်နည်းများ နည်းဥပဒေများကို မကျေနပ်၍ ဖြစ်ပေါ်လာသော Hacker အမျိုးအစားဖြစ်သည်။ ငွေကြေးရယူလိုမှူ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်များကြောင့် မဟုတ်ဘဲ အစိုးရအဖွဲ့အစည်းများ ၊ အခြားသော နိုင်ငံရေးအဖွဲ့အစည်းများ စသည့်တို့၏ လုပ်ဆောင်ချက်များအပေါ် မကျေနပ်၍ တိုက်ခိုက်ကြသည့် Hacker များဖြစ်ကြသည်။ တိုက်ခိုင်ခြင်း ပညာရပ်များ ကောင်းစွာတတ်ကျွှမ်း နားလည်ကြသူများလည်း ဖြစ်သည်။ ထင်ရှားသော ဥပမာ တစ်ခုမှာ - ထိုင်းနိုင်ငံတွင် အင်တာနက်ဆိုင်ရာ ထိန်းချူပ်ခြင်း ဥပဒေတစ်ရပ်ကို မကျေနပ်သည့်အတွက် Thailand Hacktivists များမှ ထိုင်းနိုင်ငံအစိုးရအပေါ် Cyber War ကြေငြာပြီး နိုင်ငံတော်ပိုင် Telecom တစ်ခုကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
.
.
Cyber Terrorists
.
Cyber Terrorists များသည် ယေဘုယျအားဖြင့် ဘာသာရေးအစွန်းရောက်များနှင့် နိုင်ငံရေးအစွန်းရောက်များမှ ဖြစ်ပေါ်လာသော Hacker အမျိုးအစားဖြစ်သည်။ သို့သော် များသောအားဖြင့် ဘာသာရေးအစွန်းရောက်မှူ့ကြောင့် ဖြစ်ပေါ်လာသော Hacker အမျိုးအစားဖြစ်သည်။ သူတို့သည် တဖက်အဖွဲ့အစည်းအပေါ် နည်းမျိုးစုံသုံးကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လေ့ရှိကြပါသည်။ အထူးထင်ရှားသော Cyber Terrorists မှာ ISIS Cyber Terrorists ဖြစ်သည်။ ထင်ရှားသည့် လုပ်ရပ်ကတော့ အမေရိကန်နိုင်ငံ၏ ပင်မဓာတ်အားပေး စက်ရုံများကို တိုက်ခိုက်ရန် ကြိုးပမ်းအားထုတ်ခဲ့ခြင်း ဖြစ်သည်။
.
.
Suicide Hacker
.
Suicide Hacker အမျိုးအစားကတော့ မည်သည့်စံနစ်ကိုမဆို ထိုးဖောက်ဝံ့သော သူများဖြစ်သည်။ ထောင်မကြောက် တန်းမကြောက် သူများဖြစ်သည်။ မိုက်ရူးရဲဆန်သူများအဖြစ် သတ်မှတ်နိုင်ပါသည်။
.
.
ဖော်ပြပါ Hacker အမျိုးအစားများကတော့ Black , White and Grey အပြင်ကို လုပ်ဆောင်ချက်နှင့် ရည်ရွယ်ချက်အပေါ်မူတည်ပြီး ထပ်မံခွဲခြားထားသော Hacker အမျိုးအစားများ ဖြစ်ပါသည်။
.
.
Anonymous တို့၏ ထင်ရှားသော တိုက်ခိုက်မှူ့များ
.
.
Project Chanology Attack (2008)
.
Anonymous တို့၏အထူးထင်ရှားသော တိုက်ခိုက်မှူ့ကို ပြပါဆိုရင် Project Chanology Attack ကို ပြရမည် ဖြစ်သည်။ Project Chanology Attack သည် ဘာသာတရားကြောင့် ဖြစ်ပေါ်လာသော တိုက်ခိုက်မှူ့တစ်ခုဖြစ်သည်။ Anonymous များသည် Church of Scientology သည် ဘာသာတရား နှင့် သိပ္ပံပညာကို ရောယှက်ကာ သတင်းအမှားများကို ထုတ်လွှင့်နေသည် ယူဆသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဓိကဖြစ်ပွားသော အကြောင်းအရာမှာ Holly Wood ကမ္ဘာကျော်မင်းသားဖြစ်သူ တွမ်ခရုသည် Mission Impossible ဇာတ်ကား၏ အင်တာဗျူးတစ်ခုတွင် “လူအချင်းချင်းသာ လူသားများကို ကူညီနိုင်ပါတယ် ဘုရားသခင်က မကူညီနိုင်ပါဘူး” စသည့်ဖြင့် ပြောကြားထားသော Video File တစ်ခုသည် အင်တာနက်တွင် ပျံ့နှံ့ခဲ့ပြီး Church of Scientology အဖွဲ့မှ ထို Video File ကို ဖြုတ်ချပစ်ရန် Youtube အား ဖိအားပေးခဲ့ခြင်းကြောင့်ဖြစ်သည်။ Anonymous များသည် အင်တာနက်တွင် Church of Scientology ၏ Network ကို တိုက်ခိုက်သည်သာမက တကယ့်လက်တွေ့ ပြင်ပကမ္ဘာတွင်ပါ တိုက်ခိုက်ခဲ့ကြသည်။ “အတွေးအခ်ါများကို ကန့်သတ်ထားရန်မလိုကြောင်း လွှတ်လပ်သော အတွေးခေါ်ရှိရမည် ဖြစ်ကြောင်း အတွေးခေါ်များကို မည်သူမျှ ထိန်းချူပ်ရန်မလိုကြောင်း” စသည့်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်အထိ ပြင်းထန်ခဲ့သည်။
.
.
Dark Discovery (2011)
.
အင်တာနက်လောကတွင် အမှောင်ကမ္ဘာဆိုတာရှိပါတယ်။ ထိုအမှောင်ကမ္ဘာကို Darknet ဟု ခေါ်ဆိုကြပါတယ်။ အမှောင်ကမ္ဘာဟု ဆိုသည့်အတိုင်း ဒုစရိုက်လုပ်ငန်းများ ရောပြွန်းနေသော နေရာတစ်ခုဖြစ်သည်။ လက်နက်မှောင်ခိုများ မူးယစ်ဆေးဝါးများ အသက်အရွယ်မပြည့်သေးသော ကလေးပြည့်တန်ဆာများ စသည့် လုပ်ငန်းများ ထွန်းကားပေါက်ဖွားရာ နေရာတစ်ခုဖြစ်သည်။ Anonymous Hacker များသည် Darknet အတွင်းရှိ အသက်အရွယ်မပြည့်သေးသော ကလေးပြည့်တန်ဆာများကို ဖော်ပြထားသည့် Hidden Websites များကို ထိုးဖောက်ဝင်ရောက်ပြီး Websites အတော်များများကို ဖြုတ်ချနိုင်ခဲ့သည်။ အထူးသဖြင့် အဆိုပါ Websites များမှာ Lolita City မှ ဖြစ်သည်။ ထို့အပြင် Websites Members များ၏ အချက်အလက်ပေါင်း ၁၅၈၉ ယောက်၏ အချက်အလက်များကို ဖွင့်ချခဲ့သည်။ Darknet ကဲ့သို့သော Hidden Network များကို ထိုးဖောက်နိုင်သော Anonymous Hacker တို့၏ သမိုင်းဝင် ထိုးဖောက်တိုက်ခိုက်မှူ့ တစ်ခုလည်း ဖြစ်သည်။
.
.
Cybergate (2011)
.
HBGarry Federal ၏ အမှူ့ဆောင်အရာရှိချူပ်ဖြစ်သူ Aaron Barr သည် သူ၏ သုတေသနပြုချက်များမှ ရရှိခဲ့သော Anonymous များနှင့် ပတ်သက်သည့်အချက်အလက်များကို Cyber Conference တစ်ခုတွင် ဖွင့်ချခဲ့သည်။ ထိုသို့ မဖွင့်ချခင် Anonymous များနှင့် နှီးနှောမတိုင်ပင်ခဲ့ဘဲ မိမိဆန္ဒအလျှောက် ထုတ်ဖော်ခဲ့သည်။ ထုတ်ဖော်ခဲ့သည့် အချက်အလက်များထဲတွင် Anonymous တို့၏ အဖွဲ့အမည် ပါဝင်သည့်သူများ နှင့် အခြားသော အရေးကြီးသော အချက်အလက်များ ပါဝင်ခဲ့သည်။ ထိုသို့ပြုလုပ်ခဲ့သည့်အတွက် Anonymous နှင့် Aaron Barr တို့အကြား ပဋိပက္ခမှာ ကြီးထွားလာပြီး Anonymous တို့မှ HBGarry Website ကို Hijack ပြုလုပ်တိုက်ခိုက်ခဲ့သည်။ ထို့နောက် Website ၏ ပင်မစာမျက်နှာတွင် Anonymous အမှတ်အသားကို ပြောင်းလဲခဲ့ပြီး “Anonymous တို့အကြောင်းမဖွခင် နှစ်ကြိမ်စဉ်းစားသင့်တယ်” ဟူသော စာတိုကို ထားရစ်ခဲ့ပါတယ်။ ထို့အပြင် Phone လိုင်းစံနစ်ကို ထိုးဖောက်ခဲ့ပြီး စာတိုပေါင်း 70,000 ကျော်ကို ရယူခဲ့ပါတယ်။ ထို့အပြင် Twitter အပေါ်တွင်လည်း HBGarry သည် WikiLeaks ကို ဆန့်ကျင်သည့်အတွက် Anonymous များမှ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ Anonymous နှင့် HBGarry တို့အကြားဆက်ဆံရေး တင်းမာမှူ့များနှင့် Anonymous တို့၏ အကြောင်းကို ဖွင့်ချခံရခြင်းတို့ကြောင့် Anonymous တို့၏ တိုက်ခိုက်မှူ့သမိုင်းတွင် အကြီးမားဆုံး တင်းမှာမှူ့နှင့် လက်စားချေတုံ့ပြန်မှူ့ အဖြစ် သမိုင်းဝင်လျှက်ရှိသည်။
.
.
BART Attack (2011)
.
BART (Bay Area Rapid Transit) Attack သည် Anonymous တို့၏ တိုက်ခိုက်မှူ့ပေါင်း များစွာထဲမှ ထင်ရှားသော တိုက်ခိုက်မှူ့တစ်ခုဖြစ်သည်။ တိုက်ခိုက်ရသည့်အကြောင်းရင်းမှာ ဆန်ဖရန်စ္စစကိုမြို့ရှိ မြေအောက်ရထားရဲဌာနမှ ဆက်သွယ်ရေးလုပ်ငန်းများဖြစ်သော Telecom ကုမ္ပဏီများကို မြေအောက်ရထားလိုင်းအတွင်း ဆက်သွယ်မှူ့များ ပြတ်တောက်စေရန်အတွက် ဆက်သွယ်ရေး ရေဒီယိုလှိုင်းများ ဖြတ်တောက်ထားရန် ညွှန်ကြားခဲ့ခြင်းကြောင့် ဖြစ်သည်။ Anonymous များမှ ထိုလုပ်ရပ်သည် တရားမျှတမှူ့မရှိကြောင်း လူ့အခွင့်အရေးကို ထိခိုက်ကြောင်း လူအခွင့်အရေးအရ မည်သူမဆို မည်သည့်နေရာတွင်ဖြစ်ဖြစ် ဆက်သွယ်မှူ့ ဧရိယာအတွင်း ရှိသင့်ကြောင်း စသည့် ယူဆချက်များဖြင့် BART ၏ Website တစ်ခုဖြစ်သော mybart.org ကို တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ BART မြေအောက်ရထားတပ်ဖွဲ့ဝင်များနှင့် Anonymous တို့အကြေား တင်းမာမှူ့မှာလည်း အတော်ပင်ကယက်ထခဲ့ပြီး လူပြောများစရာကိစ္စရပ်တစ်ခုအဖြစ် မှတ်တမ်း ၀င်ခဲ့ပါသည်။
.
.
Federal Attack (2012)
.
Federal Attack သည်လည်း ဟိုးလေးတစ်ကျော်ဖြစ်ခဲ့သော Anonymous တို့၏ တိုက်ခိုက်မှူ့တစ်ရပ်ဖြစ်သည်။ Megaupload လို့ဆိုလိုက်တာနှင့် အင်တာနက်နှင့် အကျွှမ်းတ၀င်ဖြစ်နေသော စာချစ်သူတို့ တန်းသိနိုင်မည်ဖြစ်သည်။ Megaupload Website သည် Files များကို Sharing ၀န်ဆောင်မှူ့ပေးသော Website တစ်ခုဖြစ်သည်။ ထို Website ကို အမေရိကန် အစိုးရမှ Copyright စာပေစီစစ်ရေး မူဝါဒနှင့် မကိုက်ညီသည်ဟူသော အကြောင်းပြချက်ဖြင့် ပိတ်ပစ်ခဲ့သည်။ Megaupload File Sharing Website သည် Anonymous တို့အတွက် များစွာအသုံးဝင်သည့် Website တစ်ခုဖြစ်သည်။ ထိုသို့ ပိတ်ပစ်ခဲ့ခြင်းအတွက် Anonymous တို့အပေါ် ထိခိုက်မှူ့များ ရှိခဲ့သည်။ ထို့ကြောင့် လက်တုန့်ပြန်သည့်အနေဖြင့် အမေရိကန်အစိုးရ၏ Websites ပေါင်း မြောက်များစွာကို တိုက်ခိုက်ခဲ့ပြီး Shut Down ဖြစ်စေခဲ့သည်။
.
.
Donald Trump Website Attack (2015)
.
Donald Trump သည် အမေရိကန်နိုင်ငံမှ လုပ်ငန်းရှင် သန်းကြွယ်သူဌေးတစ်ဦးဖြစ်ပြီး နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်သည်။ သူသည် မွတ်စ္စလင် လူမျိုးများအပေါ် အထူးအာရုံစိုက် သူလည်းဖြစ်သည်။ အာရပ်ကမ္ဘာမှ မွတ်စ္စလင် လူမျိုးများ အမေရိကန်နိုင်ငံအတွင်းသို့ စိမ့်ဝင်နေမှူ့အပေါ် ပြင်းပြင်းထန်ထန် တားဆီးရန်အတွက် ဟောပြော လှူံ့ဆော်ခဲ့သူလည်းဖြစ်သည်။ ထိုသို့ လှုံ့ဆော် ဟောပြောမှူ့များကြောင့် Anonymous များ၏ အာရုံစိုက်မှူ့ကို အထူးအလေးပေးခြင်း ခံရသူလည်း ဖြစ်သည်။ Donald Trump Website ကို Anonymous များမှ တိုက်ခိုက်ခိုက်ပြီး နာရီအတော်ကြာ ပိတ်ထားခဲ့ရသည်။ Donald Trump ၏ Twitter အကောင့်သည်လည်း တိုက်ခိုက်ခံခဲ့ရသည်။ ထို့အပြင် Anonymous များမှ Donald Trump အား သတိပေးထားသည့် Video File တစ်ခုကိုလည်း လွှင့်တင်ခဲ့သည်။ ထို Video File တွင် “စကားမပြောခင် နှစ်ကြိမ်စဉ်းစားပါ” ဟု သတင်းစကားတိုလေး ပါဝင်သည်။ ယနေ့တိုင်အောင် Donald Trump နှင့် Anonymous တို့အကြား ဆက်ဆံရေးမှာ တင်းမာလျှက်ရှိပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ ပိတ်ကားပေါ်မှာ ရင်ခုန်စွာဖြင့် ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
.
.
WTO Attack (2015)
.
WTO (World Trade Organization) Attack သည် Anonymous များ၏ ကြီးမားသော တိုက်ခိုက်ခြင်းများထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည်။ WTO တိုက်ခိုက်မှူ့အပြီးတွင် Anonymous များမှ WTO ရှိ ၀န်ထမ်းများ၏ အချက်အလက်ပေါင်း 2100 ကျော်ကို ဖွင့်ချခဲ့သည်။ ဖွင့်ချခဲ့သည့် အချက်အလက်များမှာ - ဖုန်းနံပါတ်များ ၊ Email လိပ်စာများ ၊ ကိုယ်ရေးအချက်အလက်များ စသည်တို့ပါဝင်ခဲ့သည်။ တိုက်ခိုက်ရသည့် အကြောင်းရင်းကိုမူ ယနေ့တိုင် မသိရှိရသေးပေ။
.
.
ISIS Website Attack (2015)
.
Anonymous Hacker Group တစ်ခုဖြစ်သော Ghost Sec မှ ISIS တို့၏ ၀ါဒဖြန့် Websites များကို ထိုးဖောက်ထိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်ရခြင်း အကြောင်းရင်းမှာ ၀ါဒဖြန့် Websites များတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော Viagra and Prozac တို့ကဲ့သိုသော ဆေးဝါးများကို ပေါ်ပေါ်ထင်ထင် ကြော်ငြာနေသည့် အတွက်ကြောင့် ဖြစ်သည်။ Anonymous နှင့် ISIS တို့၏ တိုက်ခိုက်မှူ့မှာ ပဲရစ်မြို့တွင် အကြမ်းဖက် တိုက်ခိုက်ခံရသည့် ကိစ္စရပ်အပြီးတွင် ပိုမို ပြင်းထန်လာခဲ့ပါတယ်။ Twitter နှင့် Facebook တို့မှလည်း အကြမ်းဖက်မှူ့များကို ရှူ့ချသောအားဖြင့် ISIS ဟု ယူဆရသော အကောင့်များကို ဖြုတ်ချပစ်ခဲ့သည်။ Anonymous တို့မှလည်း #OpParis အမည်ဖြင့် စစ်ဆင်ရေးတရပ်အနေဖြင့် တိုက်ခိုက်ခဲ့သည်။ အကြမ်းဖက်မှူ့များကို ကမ္ဘာတ၀ှမ်း မည်သူမျှ လက်မခံနိုင်ကြပေ။ အကြမ်းဖက်မှူ့များကို တုံ့ပြန်သောအားဖြင့် အကြမ်းဖက်မှူ့များကို အားပေးအားမြှောက်ပြုထားသော ဗွီဒီယိုဖိုင်များ ဓာတ်ပုံများကို ကိုးကားပြီး တန်ပြန်တုံ့ပြန်ပြောဆိုနိုင်ပါက ဆုငွေပေးအပ်မည့် ပန်းစကား အစီအစဉ်တစ်ရပ်ကိုလည်း Facebook မှ အထူးပြုလုပ်ပြီး အကြမ်းဖက်မှူ့များကို ကာကွယ်လျှက်ရှိသည်။
.
.
Anonymous တို့၏ တိုက်ခိုက်မှူ့များကို ကြည့်မယ်ဆိုရင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်များကြောင့် တိုက်ခိုက်ခြင်းမဟုတ်ဘဲ အများအကျိုးတွက် တိုက်ခိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ကမ္ဘာ့အလယ်မှာ Anonymous တို့ဂုဏ် တင့်စေခဲ့ခြင်းဖြစ်သည်။
.
ဆောင်းပါးတွင် အချက်အလက်အတော်များများကို ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ Hacker အမျိုးအစားများကိုလည်း စုံလင်စွာ ဖော်ပြခဲ့ပြီးဖြစ်သည်။ Black and White များသည် တိုက်ခိုက်ပုံ တူညီကြပြိး စိတ်ခံစားချက်အပေါ် မူတည်ပြီးတော့သာ ပြောင်းလဲသွားခြင်းဖြစ်သည်။ မိမိက Black ဖြစ်ချင်သလား White ဖြစ်ချင်သလားဆိုတာကတော့ မိမိကိုယ်တိုင်နှင့်သာ သက်ဆိုင်ပါတယ်။ ကမ္ဘာကျော် Black Hat Hackers များရှိသလို ကမ္ဘာကျော် White Hat Hackers များလည်း ရှိပါတယ်။ Hacker တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ စာဖတ်မပျင်းဖို့နဲ့ ကြိုးစားအားထုတ်မှူ့ ဆိုသည့်အချက် ၂ ချက် အထူးပင် လိုအပ်မည် ဖြစ်ပါတယ်။ မတတ်တာကို သင်ယူလို့ရနိုင်ပေမယ့် ပျင်းတာကိုတော့ မည်သည့်အရာနှင့်မျှ လုပ်ယူလို့ မရနိုင်ပါ။
.
နောက်ဆုံးတစ်ခုအနေဖြင့် စာချစ်သူများကို အကြံပြုချင်တာကတော့ နည်းပညာစာအုပ်တွေကို အင်္ဂလိပ်လို ဖတ်နိုင်အောင်ကြိုးစားကြပါ။ ဘာကြောင့်လဲဆိုတော့ ကျွှန်တော်တို့နိုင်ငံသည် ယခုမှ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံဖြစ်သည်။ အနောက်နိုင်ငံများတွင် နည်းပညာစာအုပ် အတော်တော်များများသည် မိခင်ဘာသာနှင့် ပြန်ဆိုထားခြင်းများ ရှိသော်လည်း ကျွှန်တော်တို့နိုင်ငံတွင် မိခင်ဘာသာနှင့် ပြန်ဆိုထားသည့် နည်းပညာစာအုပ်များကို အတော်ပင်ရှားရှားပါးပါး မြင်တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် ဘာသာရပ်ဆိုင်ရာ စာပေများအတွက် ဘာသာပြန်စာပေများ ရှားပါးစွာ မြင်တွေ့ရမည်ဖြစ်သည်။ ဘာသာရပ်ဆိုင်ရာ စာပေများ ရှားပါးရခြင်းမှာ စာရေးသူသည် သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်ကို ကျွှမ်းကျင်စွာ မသိပါက ထိုဘာသာရပ်တစ်ခုကို ဘာသာပြန်ရေးရန် အလွန်ခက်ခဲမည်ဖြစ်သည်။ ဥပမာ - ဆရာဝန်တစ်ယောက်သည် ဥပဒေစာအုပ်များကို ဘာသာပြန်ရေးရန် ခက်ခဲမည်ဖြစ်ပြီး ဥပဒေပညာရှင် တစ်ယောက်သည်လည်း ဆေးပညာစာပေများကို ဘာသာပြန်ရေးရန် ခက်ခဲမည်ဖြစ်သည်။ ထို့ကြောင့် ယခုမှ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော ကျွှန်တော်တို့နိုင်ငံတွင် ကွန်ပြူတာပညာရှင်များ နည်းပါးသေးသည့်အတွက် ကွန်ပြူတာ နည်းပညာဆိုင်ရာ ဘာသာပြန်စာပေများကို အလွန်နည်းပါးစွာ မြင်တွေ့ရမည်ဖြစ်သည်။ အမှန်တကယ်အသုံးဝင်ပြီး တကယ်ကောင်းသည့် စာအုပ်များကို ဘာသာပြန်ထားသည့် စာပေများ မရှိသည့်အခါ စာချစ်သူများအတွက် အလွန်ပင် ထိခိုက်နစ်နာဖွယ်ဖြစ်ပါသည်။ ထို့ကြောင့် စာချစ်သူများ မထိခိုက် မနစ်နာရလေအောင် အင်္ဂလိပ်စာပေများကို ကြိုးစားဖတ်ကြစေလိုကြောင်း အကြံပြုဆွေးနွေး အပ်ပါတယ် ခင်ဗျာ။
.
စာလည်းအတော်ရှည်သွားပြီ အကြောင်းအရာလည်း အတော်လေးကို စုံသွားပြီမို့ စာချစ်သူတို့ ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ။
.
Subscribe to:
Post Comments (Atom)

No comments:
Post a Comment